Showing posts with label poems. Show all posts
Showing posts with label poems. Show all posts

လေတိုက်ချိန်

ရေဒီယိုက

ခေတ်ဟောင်းတေးတစ်ပုဒ်ဆိုနေတယ်

ညနေခင်းဟာစိတ်အပြောင်းအလဲမြန်တယ်

ကောင်းကင်မှာ

အေးအေးလူလူ ကျက်စားနေတဲ့ တိမ်တစ်အုပ်

အရောင်ရင့်ချိန်

အုန်းပင်တို့ ခေါင်းခါပြပုံက ခါးခါးသီးသီး

အိမ်ခေါင်မိုးပေါ်

တမာပွင့်ခြောက်တွေ ထင်ရာစိုင်းနေပုံကလည်း

ခါးခါးသီးသီး

ပန်းပွင့်တချို့ဟာ

အလှတရားအကြောင်းမှ ကောင်းကောင်းသိမသွားခင်

ကြွေနှင့်ပြီ

လေဟာ

ပြတင်းတံခါးကို အသံမြည်အောင် ဆောက်ပိတ်

လွင့်နေတဲ့စိတ်

ကိုယ်ထည်ပေါ် ပြုတ်ကျလာပုံက

အလန့်တကြား။ ။ -- မင်းထက်ညိမ်း
credit >> မင်းထက်ညိမ်း၊ အိုးဝေ မဂ္ဂဇင်း နှင့် ဇနိ
ဒီကဗျာကို အိုးဝေအမှတ်တရစုဆည်းမှု ဘလောက် (0-way.blogspot.com)မှ ကူးယူထားပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဖော်ပြခွင့် မပြုပါက၊ ချက်ခြင်းဖျက်ပေးမည်ဖြစ်ပါသည်။ မင်းထက်ညိမ်းအား လေးစားသောအားဖြင့် အမှတ်တရ ကူးယူခံစားဖော်ပြရခြင်းဖြစ်ပါသည်။ လေးစားစွာဖြင့် ...

source :  http://o-way.blogspot.com/2007/08/blog-post_26.html